လှိုင်းဘွဲ၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း၌ အခြေခံစားသောက် ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူစည်ကားရာနေရာဖြစ်သော စည်ပင်သာယာမြို့မဈေး၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများအား ကြားတွင်အကာအရံများထားရှိရေး၊ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှု ရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)