ကျုံပျော်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ကျုံပျော် စက်တင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက  တောင်သူများ နည်းစနစ်တကျ စပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်ကို ပိုမိုအသုံးပြုနိုင်‌ရေး ရည်ရွယ်၍  မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို မြေရဲတောင်ကွင်းရှိ တောင်သူ ဦးတင်ရှိန်၏  မှော်ဘီ(၃) မျိုးစေ့ထုတ် စိုက်ခင်း အတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲက  ကျင်းပပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်‌ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်/တိုး/မြင့် အဖွဲ့များ၊ မြေရဲတောင်နှင့် ပျဉ်ချဆိပ်ကျေးရွာ အုပ်စုတို့မှ တောင်သူ(၇၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ပန်းပွင့်ချိန် မျိုးကွဲနှုတ်ပယ်ခြင်းအား စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ကျုံပျော်မြို့နယ်တွင် မိုးစပါးစိုက်ဧကပေါင်း (၁၁၅၄၀၈) ဧက စိုက်ပျိုးထားပြီး၊ ကျေးရွာအုပ်စု (၂၉)ခုရှိ တောင်သူ (၇၄)ဦးတို့က မျိုးသန့်စိုက်ဧက  (၂၃၇) ဧက ထည့်သွင်းစိုက်ပျိုး ထားကြောင်း၊ အဆိုပါ မျိုးသန့်စပါးများ အရည်အသွေးအသွေး ပြည့်မှီရေး၊ စံချိန်စံညွှန်း ကောင်းမွန်ရေးအတွက်  မြို့နယ်စိုက်တိုးမြင့်အဖွဲ့များက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)