ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များရေးဆွဲအဆိုပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အဆင့် ဌာန/အဖွဲ့အစည်းများမှရေးဆွဲ အဆိုပြုလာသည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်ပြီး စိစစ်လမ်းညွှန်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မည့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့်အစီအမံများနှင့် အဆောက်အဦဖွံ့ဖြိုးမှုစီမံကိန်းများ ပါဝင်ဖို့လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေး ကောင်းမွန်ပြီးအချက်အလက် အထောက် အထားပြည့်စုံသည့် လုပ်ငန်းစီမံကိန်းများဖြစ်ဖို့လိုကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် အားနည်းချက်/အား သာချက်များကိုစိစစ်သုံးသပ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအဆိုပြုဖို့လိုကြောင်း၊ ပြည်နယ်၏ ရှေ့လုပ်ငန်းစဉ် (၈)ရပ်နှင့် အညီရေးဆွဲထားသည့် ပြည်နယ်၏စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်စေ ရန် ရလဒ် (Outcome) ရရှိစေမည့်လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရာတွင် ပါဝင် ဖို့လိုကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က သက်ဆိုင်ရာဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာများ ပြည့်ပြည့်စုံစုံတင်ပြရန်၊ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိစေရေးလုပ်ငန်း/လုပ်ငန်းစီမံကိန်းများကို ကြိုတင်လေ့လာဆန်းစစ်မှုပြည့်ပြည့်စုံစုံပြုလုပ်ပြီးမှ အဆို ပြုတင်ပြရန် ဆွေးနွေးမှာကြားပြီး ပြည်နယ်စီမံကိန်းမှူး ဦးချစ်ဝေက ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာန/အဖွဲ့အစည်းများ၏ အဆိုပြုချက်များ (အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်းအဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)