ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံ

ဟင်္သာတ  စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ ဘဝလူနေမှုအဆင့်များ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကညင်ငူကျေးရွာအုပ်စု လယ်ဦးစု ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာ စကားပြောကြားရာ တွင် ရပ်ရွာအေးချမ်းသာယာရေး၊ စိုက်ပျိုးရေးကိုယခင်ထက်ပိုမို တိုးတက် အောင်မြင်အောင် ခေတ်နှင့်အညီ ပြောင်းလှဲစိုက်ပျိုးရေး၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောင်းနေကြာနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ သတ်မှတ်အကြိမ်ရေပြည့်မီအောင် ပြည်သူများက လိုက်နာထိုးနှံရေး၊ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များကို အစဉ်ဂရုပြု သွားလာနေထိုင်ကြရန်၊ မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ စသည်တို့ကိုထည့်သွင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်က ဒေသတွင်း ရပ်ရွာလုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေမှုများကိုလည်းကောင်း ခရိုင်ကျေးလက်ဦးစီးမှူး ဦးအောင်သက်ရှည်က မိမိတို့ဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လူမူဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသော လုပ်ငန်း များအကြောင်း ရှင်းလင်းတင်ပြကာ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မောင်က တောင်သူများ အတွက် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ဆောင်းနေကြာ စိုက်ပျိုးရေးအတွက် ဌာနမှ ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများ က မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကိစ္စများ၊ သိရှိလိုသော အကြောင်းအရာများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ VDB စီမံကိန်းဖြင့် လက်ရှိဆောင်ရွက်နေသော ကျေးရွာအတွင်း ကွန်ကရစ်ဘောင်နှင့် ချောင်းကျောက် လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရူစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းကို နိုင်ငံတော်မှ ထည့်ဝင်ငွေ ၁၀ သန်း ပြည်သူထည့်ဝင်ငွေ ၂ သန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အိမ်ခြေ ၁၀၇ အိမ်၊ လူဦးရေ ၃၇၇ ဦးနှင့် ပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများအတွက်ပါ အကျိုးပြုနိုင်မည့်လမ်းဖြစ်ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ