ချောင်းသာမြို့တွင် စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့

ချောင်းသာ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် စားဝတ်နေရေး အခက်အခဲရှိသည့် လက်လုပ်လက်စား ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အမှတ်(၁)ရပ်ကွက်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့် အိမ်ထောင်စု(၁) စုလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)သား၊ ဆား(၅၀)သား၊ ကြက်ဥ(၅)လုံးနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု(၉၀)မှ ပြည်သူများ အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ စားနပ်ရိက္ခာများကို မြို့အဆင့်ဌာနဆိုင်ရာများနှင့် မြို့စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်မှ စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စု(၁၈၀)အား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)