ရေဦးမြို့တွင် ဒေသခံပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချပေး

ရေဦး စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှု၊ ​​ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ပထမပတ်မှ စတင်၍ ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။     

ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်အိမ်ထောင်စုတစ်စုလျှင်ဆန်တစ်ပြည်၊ ကြက်ဥသုံးလုံး၊ ကြက်သွန်နီ (၂၅)ကျပ်သား၊ အာလူး (၂၅)ကျပ်သား စသည့် အခြေခံ စားသောက်ကုန် (၄)မျိုးအား ငွေကျပ် သုံးထောင်နှုန်းဖြင့် ရပ်ကွက်နေ ပြည်သူများအား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ အခြေခံစားသောက်ကုန်များ ရောင်းချရေးကော်မတီအနေနဲ့  ဈေးနှုန်းချိုသာစွာဖြင့်ပြည်သူများ လက်ဝယ်အရောက်  ရောင်းချပေးသွားနိုင်ရေး ကိုစနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်၊ နောက်ရက်တွေမှာ အခြားရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ယနေ့ အိမ်ထောင်စု (၅၀)အတွက် ရောင်းချပေးနိုင်ခဲ့ပါတယ်၊ "ဟု အခြေခံစားသောက်ကုန်ရောင်းချရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခုလို ဈေးနှုန်းသက်သာစွာနဲ့ရောင်းချပေးလို့ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးအခက်အခဲကို အထိုက်အလျောက်တော့ အဆင်ပြေစေပါတယ်၊ အပြင်မှာဝယ်ရင်  ကျပ် ၅၀၀၀ ခန့်တန်ဖိုးရှိတဲ့ စားသောက်ကုန်(၄)မျိုးကို ကျပ် ၃၀၀၀ နဲ့ရောင်းချပေးတာဆိုတော့ အဆင်ပြေပါတယ်၊ ယခုလို နိုင်ငံတော်က စားဝတ်နေရေးအတွက် အထောက်အပံ့ပေးတော့ ၀မ်းလည်းသာပါတယ်" ဟု လာရောက်ဝယ်ယူသူတစ်ဦးက ပြောကြားသည်။

မြို့နယ်ပြန်/ဆက်