ချောင်းသာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ချောင်းသာ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နေ ပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်/လမ်း အန္တရာယ်ကင်းဝေးစေရေးအတွက် ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ပင်မလမ်းကြီးတွင် ဖြတ်သန်းသွားလာ နေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၈ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် ယာဉ်/လမ်း စည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့များက ဖြတ်သန်းသွားလာသည့် ယာဉ်များအား ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာ အချက်များ၊ ယာဉ်မောင်းနှင်သူတစ်ဦး လိုက်နာရမည့် စည်းကမ်းချက်များ ဆိုင်ကယ်၊ သုံးဘီး မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်း ရှိ/မရှိ၊  ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ မောင်းနှင်ခြင်း ရှိ/မရှိ၊ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်း ရှိ/မရှိ၊  ဥပဒေနှင့် မလွတ်ကင်းသည့်ပစ္စည်းများ တင်ဆောင်လာခြင်း ရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော ဥပဒေများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပညာပေးကာလပြီးဆုံးပါက စည်းကမ်းနှင့် အညီ လိုက်နာ မောင်းနှင် ခြင်း မရှိသည့် ယာဉ်/ဆိုင်ကယ်များအား ဥပဒေနှင့်အညီ ကြပ်မတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)