သဲကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုး စိစစ်ရောင်းချ

သဲကုန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးခြင်း၊ အညီအမျှခွဲဝေချထားပေး ခြင်း၊ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို  ယမန်နေ့  နံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ် စည်ပင်သာယာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်က အရပ်ရပ်အခွင့်အရေး လိုင်စင်များ သက်တမ်းတိုး စိစစ်ရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များအား ဆွေးနွေးရှင်းလင်းခဲ့ကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများအပေါ် အမှုဆောင် အရာရှိမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစိစစ်ရောင်းချရေးကော်မတီမှ လိုင်စင်အ လိုက် လျှောက်ထားသူ တစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိသော လုပ်ငန်း(၄၁)မျိုးအား လေလံစည်းကမ်း နှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် စိစစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်း ပြန်/ဆက်)