ဇီးကုန်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးစပါးအတွက် ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကား ပြောကြားရာတွင် "မြို့နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများအနက်မှ နေကြာသီးနှံအား သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရန်၊ လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုများရရှိရေးနှင့် အထွက်နှုန်း တိုးစေရေးတို့ အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်" ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက နေကြာစိုက်တောင်သူများအား လိုအပ်သော စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရာတွင် သတိပြုရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြေစာရင်းဦးစီးမှူးက မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့် လျာထားစိုက်ဧကနှင့် မြေပြင်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စု လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဇီးကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာအား သီးသန့်စိုက်ဧက (၁၄၄) ဧက၊ ပဲတီစိမ်း မတ်ပဲ အကြား သီးညှပ်စိုက်ဧက (၂၇၆၀) ဧက လျာထားဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ မိုးစပါးဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ခြင်းအား ပြုလုပ်ခဲ့ရာ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ၊ စံပြကွက်စိုက် တောင်သူများနှင့် စိုက်ပျိုးရေးမျိုးသန့်သုံး ပျိုးထောင်စိုက်တောင်သူများအား ဓာတ်မြေဩဇာများနှင့် နေကြာစိုက်တောင်သူများအား စပ်မျိုးနေကြာမျိုးစေ့များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
တင့်ဆွေ(ပြန်/ဆက်)