သရက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုးအစည်းအဝေးတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာခြင်းကြောင့် ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပရဟိတအဖွဲ့များ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ ခရိုင်အတွင်း လွှမ်းခြုံထိုးနှံနိုင်ရေးသည် အရေးကြီး၍ နှိုးဆော်တိုက်တွန်းခြင်းများ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် အသိပညာပေးလုပ်ငန်းများဖြင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အားလုံးပါဝင်၍ စိတ်ပါလက်ပါ စေတနာပါပါဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ဆရာဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ Quarantine Centre နှင့် Positive Centre ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြရာ ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)