ပန်းတောင်း စက်တင်ဘာ ၁၆
ပြည်တွင်းကူးစက်မှုများ မြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ပန်းတောင်းမြို့တွင် ကူးစက်ပြန့်ပွားမှု မရှိစေရန် ယမန်နေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြိုနယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ ၊ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ ပန်းတောင်းမြို့ လမ်းထွက်သွားလာနေကြသူများ၊ စျေးသွားလာနေကြသူများအား ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေသူပြည်သူများ မဖြစ်မနေ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေးခြင်း အပြင် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများကို နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်း၊ လက်များကို မကြာခဏ ဆေးကြောကြရန် ၊ ကျန်းမာရေး အသိသတိရှိကြရန် ၊ ရောဂါထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြရန် ၊ မေတ္တာ ရပ်ခံအသိပေးခြင်း လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ဆောင်ရွက်ကြခြင်း ဖြစ်သည်။
ရောဂါထိန်းချုပ်ရေးလှုပ်ရှားမှုအဖြစ် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများကို ပါးစပ်၊ နှာခေါင်းစည်းများအား ဝေငှ တပ်ဆင်ပေးခြင်းနှင့် အပူချိန်များ တိုင်းတာပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)