ကော့သောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်းတင်ဆက်မှုအစီအစဉ်ဆောင်ရွက်

ကော့သောင်း၊ စက်တင်ဘာ ၁၆

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)နှင့် ခရိုင်ဥပဒေရုံးတို့ပူးပေါင်းက  ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆောင်ရွက်ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲမှာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက အွန်လိုင်းတွင် လွှင့်တင်အသိပညာပေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show  ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်ဆွေးနွေးမှုအစီအစဉ်တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ ဒုတိယရဲမှူး အောင်ဆန်းဝင်းက လူကုန်ကူးမှုဖြစ်စဉ်များပေါ်ပေါက်လာသည့် သမိုင်းကြောင်း၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု အဓိပ္ပါယ်ဖွင့်ဆိုချက် သိသင့်သိထိုက်သည်များ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှု အမျိုးအစားများ၊  အမျိုးသမီးများနှင့်ကလေးသူငယ်များသတိထားသင့်သည့် နယ်စပ်ဖြတ်ကျော် လူပွဲစားနှင့် လူကုန်ကူးသူများ၏အန္တရာယ်များ၊ လူကုန်ကူးခံရပါကဖြစ်ပေါ်လာမည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုး များအားလည်းကောင်း ခရိုင်ဥပဒေအရာရှိ ဦးဝေလင်းက လူကုန်ကူးမှုနှင့်စပ်လျဉ်းသည့် တရားစီရင်ရေးလုပ်ငန်းစဉ်များ၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဆိုင်ရာပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်မှလူကုန်ကူးမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအဖွဲ့စည်းများအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ပေးနေမှုအခြေအနေနှင့် သိသင့်သိထိုက်သည်များကို အသိပညာပေးဆွေးနွေးကြသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း အများပြည်သူသိရှိလေ့လာနိုင်ရန် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းအဖြစ် အဆိုပါအစီအစဉ်အား ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 ကျော်စိုး (ကော့သောင်း)