ကန်ကြီးထောင့် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျိုက်လတ်ကျေးရွာ၊ ရွှေကျီးရုပ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်(၂) ဦးလှမြင့်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ကြောင်းကြီးငါးကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွတ်နေမှုများ၊ နိုင်ငံသားတိုင်း မှတ်ပုံတင်ရှိရေး၊ အိမ်ထောင်စုတိုင်း သန်းခေါင်စာရင်းအမှန်ပြုလုပ်ကြရေးနှင့် သတင်းအမှန် များကို လေ့လာဖတ်ရှုကြရန်၊ ကောလဟာလသတင်းများကို မယုံကြည်ကြရန်၊ စပါးအထွက်တိုးရေးနှင့် မိသားစုတပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်အကောင်အထည်ဖော်နေမှုများ၊ လမ်းတံတား များ ဆောင်ရွက်မှုနှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများမှ ဒေသလိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)