တမူးခရိုင်၊ မြို့သစ်မြို့၊ (၇) ရက်တစ်စျေး‌နေ့တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူချိန်တိုင်းတာခြင်းများ စစ်ဆေး

မြို့သစ် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် (၇) ရက်တစ်ဈေးနေ့သို့ လာရောက်ကြသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူ ချိန်တိုင်းတာခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့သစ်မြို့၊စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကံချွန်ဦးနှင့် ဝန်ထမ်းများက (၇) ရက် တစ်ဈေးနေ့တွင် လာရောက်ရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်ယူသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်၍ စျေးရောင်းချခြင်း၊ စျေးဝယ်ယူခြင်းရှိ/မရှိနှင့် အပူချိန်တိုင်းတာခြင်းများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးရောင်းစျေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျလိုက်နာကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေခြားပြီး စျေးရောင်း စျေးဝယ်ပြုလုပ်ကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရသည်။

တမူးခရိုင်၊မြို့သစ်မြို့တွင် (၇)ရက်တစ်ဈေး‌နေ့အား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တမူးမြို့နယ်မှ ရွေ့လျားဈေး သည်များက လာရောက်ရောင်းချကြပြီး အဝတ်အထည်နှင့် အိမ်သုံးကုန်ပစ္စည်းများသာ အများဆုံး လာရောက် ရောင်းချကြခြင်းဖြစ်သည်။

ထွန်းမင်းအောင်(ကဘော်မြေ)