မိုးစပါးစိုက်တောင်သူများ စပါးပေါ်ချိန် ယခင်နှစ်ကထက်ပို၍ ဈေးကောင်းရရှိ

ကြို့ပင်ကောက် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ သက်ငယ်မိုးစပါးစိုက်တောင်သူများ စက်တင်ဘာလ စပါးရိတ်သိမ်းချိန် ယခင်နှစ်ကထက် ပို၍ဈေးကောင်း ရရှိလျက်ရှိကြောင်း ထောက်ကြံ့တောကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။

အခုနှစ်စပါးပေါ်ချိန်မှာ စပါးဈေးက ဒိုင်အရောက် ဆယ်သိန်းရှစ်သောင်းလောက် ရောင်းရတယ် လယ်ထဲမှာ လာယူရတယ်ဆိုရင် သုံးလေးသောင်းလောက်တော့ နည်းသွားတာပေါ့ ကျွန်တော်အခုနှစ် ထိုင်းနှံကောက် သက်ငယ်စပါး ၁၀ ဧကစိုက်ထားတာ တစ်ဧကကို ၇၀ နှုန်းလောက်ထွက်တယ် သွင်းအားစုကုန်ကျစရိတ်နဲ့ အခုချိန်ပေါက်ဈေးဆိုရင် တစ်ဧကကို သုံးသိန်းလောက် အမြတ်ကျန်ပါတယ် သက်ကြီးစပါးစိုက်တဲ့သူတွေကတော့ အခုမှ အနှံထွက်ခါစဆိုတော့ အထွက်နှုန်းကောင်းဖို့ နောက်မိုးကိုပဲ မျှော်နေရတာပေါ့ဟု တောင်သူတစ်ဦးက ပြောသည်။

ယခင်နှစ်က စပါးပေါ်ဦးပေါ်ဖျားဈေး ငါးသိန်းကျော်ခန့်သာ ရရှိခဲ့ကြောင်း ယခုနှစ်စပါးပေါ်ချိန် စပါးဈေးမှာ ဆယ်သိန်းရှစ်သောင်းခန့် ရရှိနေသောကြောင့် တောင်သူများ စပါးဈေးကောင်းချိန်အမီ ရိတ်သိမ်းရောင်းချလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)