ကျုံပျော် စက်တင်ဘာ ၂၀
ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ပေါ်နှင့် ကျေးရွာ အုပ်စု အသီးသီးတွင် ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုး တပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင် ပါရှိရမည့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိတို့ကို စစ်ဆေးပြီး ယာဉ်စည်းကမ်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက်လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များအတွင်း အန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင် သွားလာမှု မပြုရေးတို့ကို စစ်ဆေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များ တပ်ဆင်သွား လာရန်နှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)