ပွင့်ဖြူမြို့နယ်၌ လာမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ရေရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

ပွင့်ဖြူ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လာမည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရာသီမရွေး ဖူလုံစွာ သောက်သုံးနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျေးလက်ရေရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးမောင်ထံက သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး မျှော်မှန်းချက်ဖြင့် ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲကြုံတွေ့ရသော ကျေးရွာများကို စိစစ်ရွေးချယ်၍ ကျေးလက်ရေရှိရေးလုပ်ငန်းများအဖြစ် စက်ရေတွင်းနှင့် စင်မြင့်ရေစင်များ တည်ဆောက်ပေးခြင်း၊ ကျေးရွာနေပြည်သူများ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သောက်သုံးရေ လွယ်လင့်တကူ သုံးစွဲနိုင်ရေး အိမ်တိုင်ရာရောက် ရေပိုက်လိုင်းများ သွယ်တန်းပြီး ရေပေးဝေနိုင်အောင် ဆောင်ရွက်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်အတွက် ရည်ရွယ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရာမှာ ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ၂၀၃၀ ခုနှစ်မှာ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး မျှော်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက လာမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာနဲ့ စံပြကျေးရွာမှာရှိတဲ့ ဒေသခံ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ စင်မြင့်ရေစင် တည်ဆောက်ပေးခြင်းလုပ်ငန်း ၊ အိမ်တိုင်ရာရောက် ရေသွယ်စနစ် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မနေ့ကစပြီး အဲဒီကျေးရွာ(၂)ရွာကို ကွင်းဆင်းပြီးတော့ ကျေးလက်ရေရရှိရေးလုပ်ငန်း အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ဖို့အတွက် မြေအောက်ရေတိုင်းတာစစ်ဆေးခြင်းနဲ့ အိမ်တိုင်ရာရောက် ရေသွယ်စနစ်အတွက် ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီကျေးရွာ(၂)ရွာကို ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါက အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်ရှိ လူဦးရေ ၆၆၀၀ ကျော်အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့်ရရှိစေမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးမောင် က ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)