ကျောက်ကြီး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီကကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မဲဆွယ်စည်းရုံးရေးကာလတွင် ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေး နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကျင်မွှေးမှ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားချက်အမှတ်(၁/၂၀၁၄) ကြေညာချက်အမှတ်(၁၇၃/၂၀၂၀)ပါ နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊ အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန် ( Standard Operating Procedure-SOP)၊ သက်ဆိုင်ရာက အချိန်ကာလ / နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အမိန့်များလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှပြောကြားခဲ့ပြီး တက်ရောက်လာသည့် စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
K ခိုင် ပြန်/ဆက်