ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲနည်း ပညာပေးသင်တန်း ကျင်းပ

ကျောက်မြောင်း စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ ၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယူရီးယား ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ရောစပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယမန်နေ့ နံနက်၉နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုး​ရေးဝန်ထမ်းများနှင့် တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းက မိမိတို့ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများကို နှစ်စဉ်ဆက်တိုက် သုံးစွဲလာသဖြင့် မူလက အထွက်တိုးသော်လည်း တဖြေးဖြေး အထွက်နှုန်း လျော့နည်းလာခြင်းများ ဖြစ်လာသည်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူများ ယူရီးယားဓာတ်မြေဩဇာ ​လေလွင့်ဆုံးရှုံးမှု နည်းပါး စေရန်နှင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန်အတွက် မိမိတို့ဌာနမှ လမ်းညွှန်ထားသည့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲနည်းကိုလည်း လက်တွေ့သရုပ်ပြခဲ့သည်။ ရောစပ်ရာတွင်လည်း ယူရီးယားဓာတ်မြေဩဇာ(၁)ဆ၊ သဘာဝမြေဩဇာ(၃)ဆ ရောစပ်အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာ ကုန်ကျစရိတ်ကို လျော့ချသုံးစွဲနိုင်ခြင်း၊ ယူရီးယားဓာတ်မြေဩဇာ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေခြင်း၊ ဓာတ်မြေဩဇာကုန်ကျစရိတ် သက်သာခြင်း၊ မြေဆီလွှာအဆိုဓါတ် ထိန်းသိမ်းမှုကောင်းခြင်း၊ မြေချဉ်၊ မြေငံ သမမျှတစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။ သဘာဝမြေဩဇာ သုံးစွဲသည့်အတွက် အနုဇီဝပိုးကောင်လေးများ မြေကြီးထဲတွင် ပိုမိုပွားများနိုင်စေ​ခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်တာဆီးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ယခုအခါတွင် ဓာတ်မြေဩဇာစျေးနှုန်းများ ကြီးမြင့်လျက်ရှိရာ တောင်သူများ အဆင်ပြေစေရန်အတွက် ​ မိမိတို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စျေးနှုန်းချိုသာစွာဖြင့် ဓာတ်မြေဩဇာများ ​ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

မြိို့နယ် (ပြန်/ဆက်)