ကျုံပျော်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ကျုံပျော် စက်တင်ဘာ ၂၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို  အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား စုစုပေါင်း(၁၃၁၃)ဦးရှိပြီး  ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေ (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၉၃)သိန်း (၉)သောင်းအား လိုက်လံပေးအပ်လျက် ရှိကြောင်း၊ ထောက်ပံ့ငွေရရှိသည့် ဘိုးဘွားနှင့်တကွ မိသားစုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးခြင်းကို ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ခုနှင့် ကျေးရွာအုပ်စု (၈၉)အုပ်စုတို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)