ပုသိမ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌  ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သော အခမ်းအနားသည် အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကို ကောင်းမွန်သော အိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ် ပေးသွားနိုင်ရန်၊ အိုဇုန်းလွှာပျက်စီးမှုမရှိသော ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ဒြပ်ပစ္စည်းများ အစားထိုးအသုံးပြုခြင်းဖြင့် ပိုမိုအေးမြသည့် ကမ္ဘာကြီးဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ထပ်မံ ချုပ်ဆိုနိုင်ခဲ့ကာ စာချုပ်ပါအချက်များအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြ၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၈ နိုင်ငံ လက်မှတ် ရေးထိုးကာ စာချုပ်ပါကတိ ကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကာ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများအနေဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ  “၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှုခရီး သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်းသဘောတူစာချုပ်ပေါ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိ နိုင်ငံများလက်ရှိကြုံတွေ့ နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှု များကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ကာကွယ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးစေရန်လိုအပ်ကြောင်း အသိအမှတ်ပြုစေလိုခြင်းဖြစ်ပါ ကြောင်းနှင့် လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကို ကောင်းမွန်သော အိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ ကမ္ဘာ့လေ ထုလွှာအတွင်း အိုဇုန်းလွှာပျက်စီး စေသည့် ဒြပ်ပစ္စည်းများ မရောက်ရှိစေရန်နှင့် ကောင်းမွန်သာယာလှပပြီး သန့်ရှင်းသည့် ကမ္ဘာကြီးကို ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက် သစ်များအား လက်ဆင့်ကမ်းပေးနိုင်စေရန်အတွက် တက်ရောက်လာ သူများအနေဖြင့် တစ်ဦးတစ်ယောက် ခြင်းအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့် သော်လည်းကောင်း သက်ရှိများ အတွက် သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံမှ ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အထိမ်းအမှတ် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ပြသထားသော ပြခန်းများအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)