ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

ပုလော၊ စက်တင်ဘာ ၁၆

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ယာ ကမ်းကျေးရွာတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် နန်းတောင်ကျေးရွာအုပ်စုရှိ နန်းတောင်၊ မော်မိ၊ ဂျင့်ဂါ၊ ဥယျာဉ်ကမ်း၊ ကျောင်းနိမ့်၊ ပိန္နဲတောင်နှင့် ဆင်ကူးတောင်ကျေးရွာများ၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ် ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျ စွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူ များ သိရှိစေရန်နှင့် သဘာ၀ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)