ပဲခူး စက်တင်ဘာ ၂၀
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝေါမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိရာ ကလောင်စုံ ရေးသားထားသော “နှောင်နှင့်ရွှေနန်းတော်ဝင်ရသဝတ္ထုတိုများ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်၊ ဝေါမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာဦးဘုန်းဇော်မိုး (ဥဿာ)နှင့် အဖွဲ့ဝင်များက ကလောင်စုံရေးသားထားသည့် “နှောင်နှင့် ရွှေနန်းတော်ဝင် ရသဝတ္ထုတိုများ” စာအုပ်တွင် ပါရှိသည့် သံလမ်းတို့နှင့်အပြိုင်၊ လွမ်းရပါသည် အမေ့ရွာကလေးဆီ၊ သတ်ပုံမှားတဲ့ကဗျာ၊ နတ်ဝှက်ပန်းတစ်ပွင့် ဒိုင်ယာရီ၊ အမေမဟုတ်သော အမေ၊ ဖနောင့်သံစူးကြသူများ၊ ပန်းခြွေတဲ့ဥယျာဉ်မှူး၊ အဖြူရောင်စိတ်၊ ကံနဲ့လူ၊ ပန်း၏ဓားသွား၊ ဥသြတေးဆို လွမ်းရိပ်ပို၊ အတ္တကင်းသည့် အလင်းည ဆောင်းပါးများနှင့်အခြားဗဟုသုတများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံး အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)