ပေါက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် စက်တင်ဘာ၂၀ ရက် နံနက်၈နာရီ အချိန်က လူစည်ကားရာ နေရာများဖြစ်သည့် ပေါက်-ပခုက္ကူကားလမ်းမပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြစေရေး အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုရွှေယော (ပြန်/ ဆက်)