ပေါက်ခေါင်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ လုံခြုံရေး တရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖွဲ့စည်း၍ ကျေးရွာများအရောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ဗောဓိကုန်းကျေးရွာအုပ်စု ဒါန်းဒေါင့်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ကျေးရွာပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့များသည် ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု မြင့်မားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာ အသီးသီးမှ အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊ ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းနှင့် နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဆပ်ပြာဆီချက်လုပ် အသုံးပြုနည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)