သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်

သာယာဝတီ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဌာနဆိုင်ရာများမှ Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့​သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် သာယာဝတီမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများက မြို့အတွင်းရှိ ခရီးသွားပြည်သူများအား  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါမျိုးကွဲ BA.4 နှင့် BA.5 ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask  များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)