အင်းတော် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Em ဘိုကာရှီသဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲရေးနှင့် နေကြာသီးနှံ တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးအတွက်လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့်အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှုအခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေး လက်တွေ့ပြသဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းသော သဘာဝစားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေးအတွက်လည်းကောင်း ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ထွက်ကုန်အရည်အသွေးမြင့်မားရေး၊ ဈေးကွက်ဝင်နေကြာအဖြစ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတိုးအတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
အဆိုပါ နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်နည်းများကို လက်တွေ့ရှင်းလင်းပြသခဲ့ကြသည်။ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်စုစိုးသန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပညာရှင်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ (ပြန်/ ဆက်)