ဖျာပုံမြို့၌ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ပင်လယ်ငါးမုတ်ငါး (၁၀၀)ပိဿာချိန် ရောင်းချပေး

ဖျာပုံ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့ပြီး ပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ ငါးစျေးနှုန်းတည်ငြိမ်ကျဆင်းလာစေရန်နှင့် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ပင်လယ် ငါးမုတ်ငါး (၁၀၀)ပိဿာချိန် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဖျာပုံမြို့ ငါးလုပ်ငန်းဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများသက်သာသော စျေးနှုန်းဖြင့် ပင်လယ်ငါးမုတ်ငါးများ ရောင်းချပေးရာတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုလွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပင်လယ်ကမ်းနီး၊ ကမ်းဝေးငါးဖမ်း လုပ်ငန်းရှင်များက အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းကို ငွေကျပ်(၂၀၀၀)ဖြင့် ရောင်းချပေးရာ ပင်လယ်ငါးမုတ်ငါးပိဿာချိန် (၁၀၀)ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း သက်သာသော စျေးနှုန်းဖြင့် ပင်လယ်ငါးများကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)