ကနီ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ဝယာကျေးအုပ်စု၊ ရသယာကျေးရွာ တောင်သူ ဦးစောထွန်းကွင်းအမှတ် (၈၁ / က) ဦးပိုင်အမှတ် (၄၇) တွင် စိုက်ပျိုးထားသော ဆင်းပဒေသာ (၁၁) မျိုးသန့် စံကွက်ရိတ်သိမ်းခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာ၌ မြေပဲစံကွက် ၆ ဒသမ ၆ ပေပတ်လည်ရှိ စံကွက်အဖြစ်ရိတ်သိမ်းရာ စံကွက် အထွက် နို့ဆီဗူး (၁၂) ဗူးထွက်ရှိ၍ တစ်ဧကလျှင်အစိုထွက်နှုန်း ၉၃ ဒသမ ၇၅ တင်း ထွက်ရှိကြောင်း သိရသည်။
"ကနီမြို့နယ်အတွင်းမှာ မိုးမြေပဲမျိုးများကို ၂၈၇၁၉ ဧက စိုက်ပျိုးထားရှိပြီး ဆင်းပဒေသာ-၇ မြေပဲမျိုး (၄၄၀၀)ဧက၊ ဆင်းပဒေသာ-၁၁ မြေပဲမျိုး (၁၃၃၂၇)ဧက၊ မကွေး-၁၀ မြေပဲမျိုး (၄၉၆၀)ဧကနှင့် SP121 မြေပဲမျိုး (၆၀၃၂) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မတိုင်မီက တောင်သူများက SP121 မြေပဲမျိုးကို အဓိကမျိုးကွဲအဖြစ်စိုက်ပျိုးခဲ့ကြသော်လည်း ၂၀၁၁ နောက်ပိုင်းမှာ အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီသော ဆင်းပဒေသာ-၁၁ မြေပဲမျိုးကို ပိုမိုစိုက်ပျိုးလာကြပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်မျိုးစေ့တာဝန်ခံ ဦးအေးက ပြောသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးဝင်း၊ မြို့နယ် မျိုးစေ့တာဝန်ခံ ဦးအေးနှင့် ကွင်းတာဝန်ခံဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ မြေတိုင်းစာရေး ဦးခင်မောင်ဆွေ နှင့်ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ခင်ဝင်းကြည်( ပြန်/ဆက်)