လှိုင်းဘွဲမြို့နယ်အတွင်း၌ အထွက်ကောင်းစပါးမျိုးနှင့် အခြားစပါးမျိုးမိုးစပါး (၁၁၀,၀၈၇) ဧက စိုက်ပျိုး ပြီးစီး

လှိုင်းဘွဲ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လယ်ယာမြေများ၌ ရေကျနောက်စိုက်စပါးမျိုးမှလွဲ၍ မိုးစပါးစိုက်ပျိုးနိုင်သော လယ်ယာမြေစုစုပေါင်း (၁၁၀,၀၈၇) ဧကတွင် မိုးစပါးကို    စိုက်ပျိုးပြီးစီး ထားပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရှိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသရေမြေနှင့် ကိုက်ညီသည့် မနောသုခစပါးမျိုး (၈၃,၃၂၂) ဧက၊ အထွက်ကောင်း စပါးမျိုးများဖြစ်သည့် ဆင်းသုခစပါးမျိုး (၁၃,၀၂၁) ဧက၊ ဧည့်မထကောင်းစပါးမျိုး (၉,၃၁၂) ဧက၊   အခြားစပါးမျိုးများဖြစ်ကြသည့် ငစိန်စပါးမျိုး (၁,၆၃၃) ဧက၊ ကောက်ညှင်း (၂၁) ဧက၊ တောင်ယာစပါး (၂,၇၇၈) ဧက၊ မိုးစပါးအဖြင့် စုစုပေါင်း (၁၁၀,၀၈၇) ဧကကို တောင်သူများက စိုက်ပျိုးပြီးစီးထားပြီးဖြစ်ကြောင်း၊ ရေကျနောက်စိုက်စပါး စိုက်ဧကများသာ ဆက်လက်စိုက်ပျိုးရန် ကျန်ရှိတော့ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း၌ မိုးစပါးစိုက်ပျိုးသွားရန် လျာထားသည့် ဧကစုစုပေါင်း မှာ (၁၂၀,၈၁၃) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)