သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းအေးမှ တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေ များ အချိန်မီပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲ စေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ရှမ္မမြောင်ကျေးရွာအုပ်စု၊ တောင်သူ(၂၃)ဦး၊ စိုက်ပျိုးဧက(၁၃၀)၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်သူ(၉)ဦး၊ စိုက်ပျိုးဧက(၆၁)၊ သမင်ကုန်း ကျေးရွာအုပ်စု၊ တောင်သူ(၅)ဦး၊ စိုက်ပျိုးဧက (၁၄)၊ အိမ်ဆိုးချောင်း ကျေးရွာအုပ်စု၊ တောင်သူ(၂)ဦး၊ စိုက်ပျိုးဧက(၇)တို့ကို ၂၀၂၀-၂၀၂၁ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ ဒုတိယအသုတ်တောင်သူ (၃၉)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဖြင့် (၂၁၂)ဧကအတွက် ကျပ်သိန်းသုံးရာ တစ်ဆယ့်ရှစ်သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန် များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက (၁၃၀၀၀)၊ ချေးငွေ(၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန်လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ် မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
မျိုးဇော်သိန်း