ပေါက်ခေါင်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိ ဒါန်းဒေါင့်ကျေးရွာ ကျေးလက်ရေရရှိရေး လုပ်ငန်းနှင့် ဗောဓိကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၄ ဒသမ ၁၅ သန်းဖြင့် ဒါန်းဒေါင့်ကျေးရွာ၌ တွင်းနက်အဝီစိတွင်းတူးဖော်ခြင်း၊ တွင်းအကျယ် ၄ လက်မ၊ အနက် ပေ ၅၀၀ နှင့်ရေဂါလံ (၅၀၀၀)ဆံ့ ရေစုကန်ပါရှိပြီး၊ ဆိုလာစွမ်းအင်စနစ်ဖြင့်ရေတင်အသုံးပြု ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေး လုပ်ငန်းနှင့် ဗောဓိကုန်းကျေးရွာတွင် အရှည် ၁/၁.၅၄၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းမြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၄၂၅ သန်းဖြင့် လုပ်ငန်း ဆောင်ရွက်နေဆဲ အခြေအနေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အချိန်မီပြီးစီးရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)