ချောင်းသာမြို့၌ ဒေသခံပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေးအကြောင်း အသိပညာပေးဟောပြော

ချောင်းသာ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်  ၉ နာရီက ဦးတိုကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ပြည်သူတွေအသိပညာရပြီး စည်းကမ်းလိုက်နာလာခြင်းနှင့် ပြည်သူများ စည်းကမ်းလိုက်နာလာခြင်းမှ မလိုလားအပ်သော မော်တော်ကား၊ မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်သည့် အန္တရာယ်များ ကင်းရှင်းစေမည် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ ချောင်းသာနယ်​မြေရဲစခန်းမှူ ဒုရဲမှူးမျိုးဇော်မြင့် ဦးဆောင်သော အသိပညာပေးအဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများအား ဆိုင်ကယ်ဖြင့် သွားလာရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးစနစ်တကျ တပ်ဆင်ပြီး သွားလာကြရန်၊ ခွင့်ပြုဦးရေထက် မောင်းနှင်စီးနင်းခြင်းမပြုရန်၊ ယာဉ်နှင့်အတူ ယာဉ်မှတ်ပုံတင်၊ ယာဉ်မောင်း လိုင်စင်များ တစ်ပါတည်းယူ ဆောင်သွားရန်၊ သတ်မှတ်လမ်း ကြောင်း၊ သတ်မှတ်အရှိန်များနှင့် မောင်းနှင်ကြရန် စသည့် ယာဉ်လမ်းစည်း ကမ်းဆိုင်ရာများနှင့် မှုခင်းဖြစ်ပွားမှု နှင့် ဆောင်ရန်၊ ရှောင်ရန်၊ ပြစ်မှုဥပဒေများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

ကျော်ကျော်(ပြန်/ဆက်)