ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကာယ၊ ညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများကျင်းပ

ရှမ်းရွာသစ် စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့မွန်းလွဲ (၄) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကလေး ငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စက္ကူခေါက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲနှင့် ဘောလုံးဇွန်းကိုက် ပြိုင်ပွဲများကို  ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကလေးငယ်များ စုစုပေါင်း (၂၀) ဦးတို့က စိတ်ပါ ဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိ ပညာဗဟုသုတရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)