လိပ်သို စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူမှုစီးပွားဘ၀တိုးတက်ကောင်းမွန်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်ကို နောင်အနာဂတ်မျိုးဆက်သစ်များဆီသို့ လက်ကမ်း ပေးနိုင်ရန်ရည်ရွယ်၍ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရန် အဆိုပါကျောင်း သဇင်ဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက အဖွင့်အမှာစကားပြော ကြားပြီးနောက် အထက်တန်းပြဆရာ ဦးအောင်သူရစိုးက မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရေးအတွက် စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြားတတ်စေရေး၊ ခွဲခြားထားသော စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်အား အနှောက်အယှက်မဖြစ်ပေါ်စေဘဲ စနစ် တကျ သိမ်းဆည်းစွန့်ပစ်ဖျက်စီးတတ်စေရေး၊ သတ်မှတ်ထားသော အမှိုက်ပုံး၊ အမှိုက်ကန်များတွင် အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြား ၍ စည်းကမ်းတကျ စွန့်ပစ်တတ်စေရေး၊ တစ်ကိုယ်ရည်အမှိုက် စွန့်ပစ်မှုလျော့ချနိုင်ရေး အသိပညာပေးမှုများကို ကျောင်းသား/ ကျောင်းသူများမှတစ်ဆင့် အုပ်ထိန်းသူ မိဘများကိုပါ အမှိုက်စွန့်ပစ်မှုဆိုင်ရာများကို သိရှိနိုင်စေရေး စသည်တို့ကို ကျောင်းသား/ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)