မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေး စက်တင်ဘာ ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သော တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်ကာလတွင် ရာသီဥတုပြောင်းလဲ လာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး ခံစားနေကြရပြီး မိမိနိုင်ငံသည်လည်း အားလုံးနည်းတူ ခံစားနေရပါကြောင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် သဘာဝဘေးအန္တရာယ်များသည် ကြိုတင်ကာကွယ်ရန် ခက်ခဲသော်လည်း ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုများအား နိုင်ငံတိုင်း ဖြေရှင်းဆောင်ရွက်နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဗဟိုအဆင့်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဆင့်အထိ အဖွဲ့များဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများအား ဆောင်ရွက်လျက်ရှိကာ ထိုသို့လုပ်ဆောင်ရာတွင်လည်း တစ်ဌာန၊ တစ်ဖွဲ့ တည်းက ဆောင်ရွက်လို့မရဘဲ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ပြည်သူလူထုများ၏ အသက်၊ အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း ကို တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား/သူများ တက်ရောက်မည်ဟု သိရှိရပြီး တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်မှုရှိပြီး ဌာန၏လုပ်ငန်းများကို ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် သင်တန်းသားများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့သိရှိရသည့် အသိပညာဗဟုသုတများကိုလည်း ပြန်လည်ဖြန့်ဝေ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းတွင် မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သင်တန်းသား/သူဦးရေ(၅၀) ဦးရေဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာအဖွဲ့အစည်း(၈)ခုမှ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၉.၉.၂၀၂၂) ရက်နေ့မှ (၂၃.၉.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ နိုင်ရေးအတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ပစ္စည်းများ သိုလှောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)