ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီး

ပုလဲ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ  ကျေးရွာ (၆) ရွာ၌ Cash  For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး  ဦးဇော်မင်းဦးက “  Cash  For  Work  စီမံကိန်းကို မယင်းကျေးရွာ၊ ရေသာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ရွာသာကျေးရွာ၊ အိုးဘိုကျေးရွာနှင့် ရွာသစ်ကျေးရွာများမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအ ားလုံး ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ Cash   For    Work  စီမံကိန်းဆိုတာကတော့    ကျေးရွာဖွံ့ဖြိုးမှု လုပ်ငန်းများကို   ကျေးရွာလူထုကိုယ်တိုင်  ရွေးချယ်ခဲ့ပြီး စီမံကိန်း ကာလအနေဖြင့် သုံးလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရတာ  ဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူများအား ၎င်းတို့ ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဆိုင်ရာ   ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ၎င်းတို့ ကိုယ်တိုင်  ဆောင်ရွက်စေပြီး   လုပ်အားခငွေ  ပေးချေခြင်းဖြင့်   ဒေသခံပြည်သူများ ဝင်ငွေရရှိစေရုံသာမက  ကျေးရွာရဲ့ အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်စေတဲ့ စီမံကိန်းအမျိုးအစား ဖြစ်ပါတယ် ” ဟု ပြောပြသည်။

အဆိုပါ    Cash   For  Work စီမံကိန်းမှ ကျေးရွာ  တစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀ နှုန်းစီဖြင့် အိုးဘိုကျေးရွာ၌ စာသင်ကျောင်း ခြံစည်းရိုး အုတ်တံတိုင်း ကာရံခြင်း လုပ်ငန်းနှင့် ကျေးရွာအတွင်း ရေမြောင်းတူးခြင်းလုပ်ငန်း၊ ရွာသစ်ကျေးရွာ၌ ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ရေသာကျေးရွာ၌ ကျေးရွာအဝင် လမ်းဂျင်းခင်းခြင်းလုပ်ငန်းနှင့် စာသင်ကျောင်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊  ဆည်ကြီးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်း ပြုပြင်ခြင်းလုပ်ငန်း၊ မယင်းကျေးရွာ၌ ကျေးရွာအတွင်း ဂျင်းလမ်းခင်းခြင်းနှင့် ရေမြောင်းတူးခြင်းလုပ်ငန်း နှင့်ရွာသာကျေးရွာ၌ ကျေးရွာ အတွင်း ရေမြောင်းတူးခြင်း၊   ရေကန်အဝင် လမ်းပြုပြင်ခြင်းနှင့် စာသင်ကျောင်းဝန်းအတွင်း မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)