ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြည့်ရှုစစ်ဆေး

ဖြူး စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း ဖြူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများကို ဒေသအတွင်း တာဝန်ရှိသူများ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဦးစွာ မြို့တွင်းမှ ကျေးရွာ အုပ်စုများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဆက်သွယ်သွားလာနိုင်သော (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် အမေ့မေတ္တာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ထန်းကုန်းလမ်းမကြီး ကွန်ကရစ်ဖြင့် လမ်းတိုးချဲ့ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လက်ရှိသုံးစွဲနေသည့် လမ်းတစ်ခုဖြစ်သောကြောင့် အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းသည် ဖြူးမြို့တွင်းမှ ကျေးရွာအုပ်စုများစွာသို့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍများအတွက် အသုံးဝင်သော မြို့တွင်းလမ်းပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် အဆိုပါလမ်းသည် လမ်းအရှည်(၁၂၀၀)ပေအား တစ်ဖက်လျှင်(၃)ပေစီ ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်ဖြတ်မျိုးသန့်ခြံသို့ ရောက်ရှိပြီး စပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်မျိုးသန့်ခြံတာဝန်ခံ ဦးစိုးနိုင်က အုတ်ဖြတ်မျိုးသန့်ခြံတွင် ထုတ်လုပ်လျက်ရှိသော ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့်မျိုးပွားမျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များအား ​ဖြည့်ဆည်း မှာကြားပေးကာ မျိုးသန့်ခြံအနီး စိုက်ပျိုးထားသည့် မျိုးသန့်မျိုးစေ့ ထုတ်လုပ်စိုက်ကွက်များအား  ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးသန့်ခြံတွင် ဆင့်ပွားမျိုးစေ့ဆင်းသုခ(၁၂)ဧက၊ မနောသုခ(၁)ဧက၊ ရတနာတိုး(၂)ဧက၊ သီရီသုခ(ဝ.၅၀)ဧကနှင့် မျိုးစေ့မျိုးပွား ဆင်းသုခ(၉၆.၅)ဧက စုစုပေါင်း (၁၁၂)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

နေမျိူးလွင်(ပြန်/ဆက်)