မုံရွာ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၏ အိမ်ထောင်စုလူဦးရေစာရင်းများ Main Serverသို့ ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ် ချီးမြှင့်ပွဲ ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ၁၈ရက်နေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နိုင်-၄ မှတ်တမ်း ၅၆ သိန်း ကျော် Main Serverသို့ ထည့်သွင်းခြင်းလုပ်ငန်းများကို ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကြသူ တာဝန်ရှိသူများအားလုံးနဲ့ လက်တွေ့ ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအေးလှိုင်က အိမ်ထောင်စု လူဦးရေစာရင်း နိုင်-၄ မှတ်တမ်း ၅၆ သိန်းကျော် Main Server သို့ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် သက်ဆိုင်ရာ ဌာနအသီးသီးတို့အား ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာ အသီးသီးတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ နိုင်-၄ မှတ်တမ်း၅၆ သိန်းကျော်ကို သတ်မှတ်ကာလထက်စော၍ ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် Server အတွင်း ရိုက်သွင်းနိုင်ခဲ့ပြီး ဒုတိယအဆင့်ဖြစ်တဲ့ အိမ်ထောင်စု လူဦးရေစာရင်းများ Main Server သို့ ထည့်သွင်းခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၁၂၉၆၀၀၅ ကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)