ဘားအံ စက်တင်ဘာ ၂၀
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်များ နှင့်အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူ့ဘဝသက်တမ်းတွင် အရေးအကြီးဆုံးမှာ စားဝတ်နေရေးဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် သီးထပ်သီးညှပ်များဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်ကပြည်နယ်အတွက်လိုအပ်သည့်အရင်းအနှီး ငွေကျပ်သိန်းပေါင်း ရှစ်သောင်းကို ထောက်ပံ့ပေးထားပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များရှိပါက အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ် ၃၀၀ အိတ်စီ ထောက်ပံ့ပေးအပ်ရာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးချုပ် စောစတီးနှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က လက်ခံရယူပြီး ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ထား၍ ငြိမ်းချမ်းရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို အကောင်းဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA (PC) နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော ဘားအံမွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)