ပခုက္ကူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သော ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးနေသူအောင်က “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သမိုင်းကြောင်း၊ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အကြောင်းများ၊ အထိမ်းအမှတ်ပြိုင်ပွဲကျင်းပရခြင်းရည် ရွယ်ချက်များနှင့်ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအကြောင်း” တို့ကို Power Point ဖြင့် ရှင်းလင်းပြောကြားကာ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးခြင်းအကြောင်းရင်းများနှင့် ကမ္ဘာတစ်ဝန်းအိုဇုန်းလွှာထိန်းသိမ်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကို ဗီဒီယိုဖိုင်ဖြင့် ဖွင့်လှစ်ပြသသည်။
ယင်းနောက် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ခရိုင်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သော အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပြန်/ ဆက်)