မြဝတီခရိုင်ရုံး၌ သဘာဝအရင်းအမြစ်များကိုစနစ်တကျအသုံးချ၍ အစားအစာဘေးကင်းလုံခြုံရေးဆီသို့ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

  မြဝတီ  စက်တင်ဘာ  ၂၀
 

ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “အီးအမ်အကူအညီဖြင့်သဘာဝအရင်းအမြစ်များကိုစနစ်တကျအသုံးချ ၍ အစားအစာဘေးကင်းလုံခြုံရေးဆီသို့”ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဖြူဝင်းက ပြည်သူ့အကျိုးပြု အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရခြင်း  ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက  စိုက်ပျိုးရေးတောင်သူများအတွက် သဘာဝအရင်းအ​​မြစ်စွန့်ပစ်ပစ္စည်းများမှ သဘာဝဓာတ်မြေသြဇာထုတ်ယူသုံးစွဲ၍ ရရှိကြောင်း၊ အီးအမ်အကူအညီဖြင့် လယ်ယာသီးနှံများ၊ဥယျာဥ်ခြံသီးနှံများကို သဘာဝဓာတ်မြေသြဇာဖြင့်စိုက်ပျိုးနိုင်ကြောင်း​၊ အီးအမ်သုံးစွဲရာတွင် အဆင့်ဆင့်ပွားယူသုံးစွဲနည်းများနှင့် အီးအမ်အကူအညီဖြင့် ရိုးပြတ်များစနစ်တကျ ပြန်လည်အသုံးချနည်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့အကျိုးပြုအသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စာပေအသိပညာမှ ဗဟုသုတရရှိစေမည့် စာဖတ်ဝိုင်းများကိုလည်း အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)