ဘားအံ စက်တင်ဘာ ၁၉
“၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှုခရီး-သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာနိုင်ငံ၏ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အကောင်အထည်ဖော်မှုလုပ်ငန်းတွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများသုံးစွဲမှုလျှော့ချရပ်ဆိုင်းရေးအတွက် ပြည်နယ်အတွင်းပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ဖို့လိုပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) သုံးစွဲမှုကိုလည်း လုံးဝအပြီးသတ်ရပ်ဆိုင်းသွားနိုင်ရေး ပြည်နယ်အတွင်းလိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားသည့် ဗီဒီယိုဖိုင်နှင့် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဖတ်ကြားသည့် ဗီဒီဖိုင်တို့အား ဖွင့်လှစ်ပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဦးစီးကျင်းပပေးခဲ့သော ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး ကူညီထောက်ပံ့ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာသူများက ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး လှုပ်ရှားမှုပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)