(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

မင်းဘူး စက်တင်ဘာ ၁၉

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်၊ (ယနေ့) နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းပေးမည့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောရဲတပ်ဖွဲ့၊ ရေနံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း (၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ရဲတပ်ဖွဲ့ဝင်များက A+ ၊ B+ ၊ AB+ ၊ O+ သွေးအမျိုးအစား (၂၂)လုံးကို လှူဒါန်းပေးခဲ့ကြသည်။

မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသာ အရေးပေါ်သွေးလိုအပ်သည့် လူနာများ အဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်/ မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းရခြင်းဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များကလည်း (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလိုင်ဝင်းက ပြောသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းပေးသော ရဲတပ်ဖွဲ့ဝင်များအတွက် အစားအသောက်၊ ဆေးဝါးနှင့် အားဖြည့်အာဟာရ ဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)