ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသည့် ထင်းများအား ကျေးရွာနေပြည်သူများထံ အခမဲ့ ဖြန့်ဝေပေး

ပွင့်ဖြူ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော သစ် ၊ တိုင် ၊ မျော ၊ ထင်း အစရှိသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ မိုးရာသီ၌ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသည့် ထင်းများအား ကျေးရွာနေပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၁ ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသည့် ထင်းများအား ကျေးရွာနေပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးရာတွင် ဦးစွာ မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ကျေးရွာနေပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောက်ကြဉ်ကြစေလိုကြောင်း၊ သစ်တော၊ သစ်ပင်များသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူပြုရုံသာမက ရာသီဥတု အပူဒဏ်ကာကွယ်ပေးခြင်း၊ မိုးလေဝသကောင်းမွန် စေရေးအတွက်အကျိုးပြုခြင်း၊ နေအိမ်အဆောက်အအုံများ ဆောက်လုပ်ရန်နှင့် ထင်းလောင်စာအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း စသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်၍ ကျေးရွာနေပြည်သူများကိုယ်တိုင် သစ်တော၊ သစ်ပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းသွားကြစေလိုကြောင်း ဆွေးနွေး မှာကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနှင့် ဝန်ထမ်းများက ၂၀၁၆ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သော စိုက်ခင်းအမှတ် (၁/၂၀၁၆) ကျေးရွာသုံးထင်းစိုက်ခင်း(၁၅၀)ဧကမှ ထွက်ရှိသော ထင်းတန် ၅ ဒသမ ၇၀ တန်အား ပွင့်ဖြူမြို့နယ် လေးအိမ် ကုန်းကျေးရွာရှိ ဒေသခံပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာသုံး ထင်းစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယခု ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခဲ့သည့် ကျေးရွာသုံးထင်းစိုက်ခင်း(၁၅၀)ဧကအား ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်ပင်များ ပြန်လည်အစားထိုး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းက ပြောကြားသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)