မုံရွာ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကိုကျင်းပရာ မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးက “ကလေးအလုပ်သမားပပျောက်ရေးကိစ္စဟာ လက်ရှိကာလမှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးဖြစ်တာကြောင့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနှင့် အားလုံးပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ကာ ကျော်လွှားအနိုင်ယူကြဖို့ လိုအပ်ပါကြောင်း၊ ခရိုင်အဆင့် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီတွင် လုပ်ငန်းဆပ်ကော်မတီ(၈)ရပ် ဖွဲ့စည်းထားကာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး၊ ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းပညာ၊ ဉပဒေရေးရာ၊ စာရင်းကောက်ယူရေး၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေး စသည့်လုပ်ငန်း ကော်မတီ အသီးသီးက မုံရွာခရိုင်အတွင်း တက်ညီလက်ညီနဲ့ မိမိတို့လုပ်ငန်းတာဝန်များကို စေတနာထားပြီး အကောင်အထည်ဖော်ပေးကြဖို့ လိုပါကြောင်း၊ ကျွန်တော်တို့ မုံရွာခရိုင် အတွင်းမှာ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်များ၊ ကျောင်းသားမိဘများအကြား “ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ သတ်မှတ်ထားသော ဉပဒေပြဌာန်းချက်များနှင့် မကိုက်ညီပဲ ကလေးများကို အလုပ်စေခိုင်းနေသူများအား ဉပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ အရွယ်ရောက်ပြီးသူ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဆောင်ရွက်ပေးခြင်း” တို့ကို အဓိက ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ” တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးသန့်ကြည်က ကလေးအလုပ်သမား ပပျောက်ရေး၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က ကလေးသူငယ် ဥပဒေဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ရီက “အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး” မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်က ကလေးသူငယ် ဥပဒေဆိုင်ရာများမှ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်ပေး စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ အထွေထွေဆွေးနွေး ပြောကြားချက်များအပေါ် မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အလားတူ နံနက် ၁၁ နာရီခွဲအချိန်တွင် မုံရွာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ကော်မတီအဖွဲ့ဝင်များက ဟောပြောဆွေးနွေးခဲ့ကြရာ ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)