စစ်ကိုင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၉

စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ(၁၉)ရက်၊ နံနက်ပိုင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အိုဇုန်းလွှာထိန်း သိမ်းရေးအတွက် နှစ်အလိုက်ဆောင်ပုဒ်များချမှတ်၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနား များကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ၃၅နှစ်တာ အောင်မြင်မှုဖြင့်ကမ္ဘာပေါ်ရှိ သက်ရှိများကို ကာကွယ်ရေး ကမ္ဘာလုံးနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်ပေး” ဖြစ်ကြောင်း၊ ယခုနှစ်ရဲ့ ဆောင်ပုဒ်နဲ့အညီ ဟန်ချက်ညီညီ ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်ကို နောင်အနာဂတ် မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းနိုင်ဖို့ ပြည်သူများအနေဖြင့်လည်း အိုဇုန်းလွှာထိန်းသိမ်းရေးမှာ မိမိတို့တက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့ စသည်ဖြင့် ဆွေးနွေးပြောကြားကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးန့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အိုဇုန်းလွှာ၏ ဆိုးကျိုးများအကြောင်းကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်း ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)