ကန့်ဘလူ စက်တင်ဘာ ၁၉
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၇ နာရီကစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူး၊ ကြက်ဥ တို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သားနှင့်အာလူး ၂၅ ကျပ်သား ၊ ကြက်ဥ ၅ လုံးစသည့် ပစ္စည်းငါးမျိုးကို ငွေကျပ် ၂၅၀၀ ကျပ်ဖြင့် စျေးနှုန်းချို သာစွာနှင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အခမဲ့စစ်ဆေး ကုသပေးခြင်းများကို ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)