စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အသိပညာပေး ဆွေးနွေးဟောပြော

စစ်ကိုင်း စက်တင်ဘာ ၁၉

စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “ကလေးသူငယ် အခွင့်အရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “ကလေးအလုပ်သမား အကာအကွယ်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိက “ကလေးများဘဝ မြှင့်တင်ဖို့၊ စာပေလေ့လာဖတ်ရှုစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယမြို့နယ်၊ ဥပဒေအရာရှိက “ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောပေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)