ပေါက်ခေါင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းက ဌာန၏လုပ်ငန်းများအား ဦးစွာမိတ်ဆက်ပြောကြားပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင်ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးမည့်ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန်အစားအစာများနှင့် စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်သိရှိရမည့် အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၆၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)